တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်သည့် နေရောင်ခြည်စွမ်းအင်သုံး Magnetosphere Ionosphere Link Explorer (SMILE) ဂြိုလ်တုပစ်လွှတ်ရေးစီမံကိန်းအား ပူးတွဲစမ်းသပ်မှုမှာ မကြာသေးမီရက်များက ပြီးစီးခဲ့ပြီး၊ ဥရောပအာကာသအေဂျင်စီ(ESA) သို့ တရုတ်ဂြိုဟ်တုများနှင့် နည်းပညာဆိုင်ရာကိရိယာများကို ပထမဆုံးတင်ပို့ခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ (CAS) မှ အင်္ဂါနေ့က သတင်းထုတ်ပြန်ထားသည်။
SMILE ဂြိုလ်တုပစ်လွှတ်ရေးစီမံကိန်းမှ တရုတ်ဂြိုလ်တုနည်းပညာဆိုင်ရာ အဖွဲ့တစ်ဖွဲ့သည် ESA ၏ ဥရောပအာကာသနည်းပညာစင်တာ (ESTEC) သို့ မကြာသေးမီက သွားရောက်ခဲ့ပြီး ကနဦး ဂြိုလ်တု-ဒုံးပျံပူးတွဲစမ်းသပ်မှုပြုလုပ်ကာ မျက်နှာပြင်အထိုင်ချခြင်း၊ ဂြိုလ်တုခွဲထုတ်ခြင်းနှင့် သက်ရောက်မှုစမ်းသပ်ခြင်းတို့ကို ပြီးမြောက်စေခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
၎င်းသည် လွန်ခဲ့သည့် ၂ နှစ်က ပြုလုပ်ခဲ့သော SMILE မစ်ရှင်၏ နမူနာပုံစံ ဒီဇိုင်းကို ပြန်လည်သုံးသပ်ပြီးနောက် နှစ်ဖက် သိပ္ပံပညာရှင်အဖွဲ့တို့က အချက်အလက်ဖလှယ်မှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။တရုတ်ဂြိုလ်တုအဖွဲ့သည် SMILE module သုံးခုကို ESA သို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တင်ပို့ခဲ့ပြီး ESA သို့ တရုတ်နိုင်ငံမှ ဂြိုလ်တုများနှင့် ပစ္စည်းကိရိယာများ ပထမဆုံးတင်ပို့မှုဖြစ်ကြောင်း CAS မှပြောကြားခဲ့သည်။
CAS နှင့် ESA အပြင် ပြင်သစ်အခြေစိုက် ဂြိုလ်တုလွှတ်တင်ရေးကုမ္ပဏီ Arianespace နှင့် Airbus တို့လည်း ယခုပူးတွဲစမ်းသပ်မှုတွင် ပါဝင်ခဲ့သည်။
ပူးတွဲသုတေသနအချိန်ဇယားအရ SMILE မစ်ရှင်အဖွဲ့သည် ဥရောပအဖွဲ့များနှင့် စမ်းသပ်မှုများဆောင်ရွက်ရန် ဧပြီလတွင် စပိန်နှင့် ဂျာမနီနိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး၊ မေလနှင့် စက်တင်ဘာလတို့တွင်မူ ဥရောပအာကာသအေဂျင်စီ(ESA) ၏ အခြားဥရောပအဖွဲ့ဝင် နိုင်ငံများဖြင့် ထပ်မံပူးပေါင်းကာ စမ်းသပ်မှုများပြုလုပ်ကြမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံး SMILE ဂြိုလ်တုအား ၂၀၂၅ ခုနှစ်တွင် ကမ္ဘာမြေ၏ ပတ်လမ်းအနိမ့်ဆီသို့ လွှတ်တင်ရန် စီစဉ်ထားကြောင်း CAS မှ ပြောကြားခဲ့သည်။
