ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ (၆) ရက်က ညဏ်ရည်တု နည်းပညာ (AI) ကို နန်နင်းမြို့၌ ဆက်လက်လေ့လာခဲ့ကြောင်း သိရသည်။
တရုတ်-အာဆီယံ ကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ရောက်ရှိခဲ့ပြီး လူနာများအတွက် One Stop Health Care အစီအစဉ်များဖြင့် ကုသပေးမှု၊ AI ဆရာဝန်ဖြင့် အွန်လိုင်းကတဆင့် ကျေးလက်ဒေသနှင့်ပြည်ပလူနာများအတွက် သက်ဆိုင်ရာဘာသာစကားအလိုက် ဆေးကုသခြင်းပြုနိုင်မှုကို လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် တရုတ်-အာဆီယံ AI တီထွင်ဆန်းသစ်မှုစင်တာသို့သွားရောက်ခဲ့ပြီး AI ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတည်ထောင်ထားမှု ၊ AI အသုံးချမှုဆိုင်ရာ CHIP ပြား ထုတ်လုပ်မှုများကို လေ့လာခဲ့ကြောင်း သိရသည်။
AI နည်းပညာဖြင့် မြှင့်တင်ဆောင်ရွက်နေမှု အာဆီယံနိုင်ငံများတွင် အသုံးချမှု၊ လာအိုနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီး အမျိုးသားအဆင့် AI မော်ဒယ်ကို တည်ထောင်ထားမှု၊ AI ဆရာဝန်၊ စိုက်ပျိုးရေး၊ မျက်မှန်၊ ကုလားထိုင်၊ ဇာတ်လမ်းတို စသည့် AI နည်းပညာဖြင့် လူမှုစီးပွားဘဝသာယာဝပြောရေးနှင့် မြှင့်တင်ရေးဆိုင်ရာဆောင်ရွက်နေမှုများကို လိုက်လံလေ့လာခဲ့ကြောင်း သိရသည်။
