တရုတ်နှင့် အမေရိကန် ညှိနှိုင်းရေးအဖွဲ့များသည် နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ကို မည်သို့ဖြေရှင်းရမည်ဆိုသည့်အပေါ် အခြေခံသဘောတူညီမှု တစ်ရပ် ရရှိခဲ့ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယနေ့နံနက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးအဖွဲ့နှစ်ဖွဲ့ဟာ ကျွန်တော်တို့ စိုးရိမ်ပူပန်နေတဲ့ အဓိကပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခြေခံသဘောတူညီမှု ရရှိခဲ့ပြီး အားတက်စရာ တိုးတက်မှုတွေလဲ ရရှိခဲ့ပါတယ်” ဟု သူက ပြောသည်။
ရှီ၏အဆိုအရ တရုတ်နှင့် အမေရိကန်သည် တစ်ဦးကိုတစ်ဦး အောင်မြင်မှုနှင့် အပြန်အလှန် သာယာဝပြောမှု ရရှိစေရန် ကူညီနိုင်ကြောင်း သိရသည်။ “နှစ်ပေါင်းများစွာကတည်းက တရုတ်နဲ့ အမေရိကန်ဟာ မိတ်ဖက်နဲ့ မိတ်ဆွေတွေ ဖြစ်သင့်တယ်လို့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်” ဟုလည်း ရှီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ကမူ ယခုအစည်းအဝေးမှ နှစ်နိုင်ငံအကြား နောက်ထပ်ကုန်သွယ်ရေးအတွက် အခြေအနေများနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိရန် မျှော်လင့်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။ တရုတ်ကုန်ပစ္စည်းများအပေါ် အပို အကောက်ခွန်များ ကို လျှော့ချရန် ရည်ရွယ်ထားကြောင်းကိုလည်း သူက ပြောကြားခဲ့သည်။
ရှီနှင့် ထရမ့်တို့ တွေ့ဆုံဆွေးနွေးမှုသည် ၁ နာရီနှင့် မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ပြီး၊ စတင်ချိန်မှာပင် ရင်းနှီးချစ်ကြည်စွာ ရှိခဲ့သည်။ ထရမ့်က ရှီကို “မိတ်ဆွေ” နှင့် “ခေါင်းဆောင်ကြီး” ဟု ပြောကြားခဲ့ပြီး၊ ရှီနှင့်တွေ့ဆုံရခြင်းသည် “ဂုဏ်ယူစရာ” ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
