တရုတ်-မြန်မာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia မှ ယနေ့ နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (GGI) ဆွေးနွေးပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တောတောင်ရေမြေများဆက်စပ်လျက်ရှိ၍ ကံကြမ္မာအပြန်အလှန်ချိတ်ဆက်ထားကာ အခက်အခဲများစွာကြားတွင် အတူတကွဖြတ်သန်းခဲ့ကြသော ကောင်းမွန်သည့် အိမ်နီးချင်း၊ မိတ်ဖက်များနှင့် ညီအစ်ကိုများဖြစ်သည်ဟု ပြော သည်။
ထို့ပြင် တရုတ်နိုင်ငံသည် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများ ပိုမိုအားကောင်းစေရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို အပြည့်အဝအကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို တည်ငြိမ်ပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆန္ဒရှိသည်ဟု ပြောသည်။
ထို့အတူ တရုတ်-မြန်မာနှစ်နိုင်ငံမှ မီဒီယာများ၊ တက်သိပညာရှင်အဖွဲ့များနှင့် ပညာရှင်များသည် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံကို တက်ကြွစွာဖြန့်ဝေသူများ၊ ရှေ့လမ်းညွှန်သူများနှင့် တည်ဆောက်သူများအဖြစ် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံအကောင်အထည်ဖော်ရန် ကောင်းမွန်သော လူထုထင်မြင်ချက်နှင့် လူမှုရေးပတ်ဝန်းကျင်ကိုဖန်တီးပေးမည်ကို မျှော်လင့်သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။
