တရုတ်-မြန်မာ နှစ်နိုင်ငံအကြားအကောက်ခွန်လုပ်ငန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ယမန်နေ့ ဇူလိုင် ၄ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုကို တရုတ်နိုင်ငံနန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် နန်နင်းအကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ နန်နင်းအကောက်ခွန်ဦးစီးဌာန၌တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သွင်းကုန်နှင့် ပို့ကုန်အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်နေမှု ၊ အာဆီယံနှင့် တရုတ်နိုင်ငံအကြား တိရစ္ဆာန်နှင့် အပင်ပိုးမွှားကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆက်လက်ချဲ့ထွင်ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသည် ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သည့်အလျောက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။