မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား တိုင်းရင်းဆေးပညာရပ် အပါအဝင် ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကွမ်ရှီးဆေးဝါးကွပ်ကဲရေးအဖွဲမှ ဒု-ကော်မရှင်နာတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ကွမ်ရှီဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ဒု – ကော်မရှင်နာ Mr. Shen Hongrui တို့ ဇွန်လ (၈) ရက်က တွေ့ဆုံ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တွေ့ဆုံစဥ် ဒု – ကော်မရှင်နာက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်မှ (၁၅) ရက်အထိ ဖန်ချင်းကန်မြို့တွင် ကျင်းပမည့် (၇)ကြိမ်မြောက် တရုတ် – အာဆီယံဆေးဝါးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ရန် ဖိတ်ကြားလိုကာ တိုင်းရင်းဆေးပညာတွင် နှစ်ဖက်ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့သည်။
၎င်း၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ မြန်မာကောင်စစ်ဝန်ချုပ်ကလည်း တိုင်းရင်းဆေးပညာရပ်တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးကုန်ကြမ်းများထွက်ရှိ၍ ဝယ်ယူတင်သွင်းနိုင်ရာ တိုင်းရင်းဆေးပညာရပ်တွင် အပြန်အလှန်လေ့လာရေး ခရီးများစီစဉ်ခြင်းနှင့် သင်တန်းများပေးခြင်းဖြင့် ပညာရပ်များဖလှယ်နိုင်၍ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်မည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/06/photo_6062377382783859686_x.jpg)