တရုတ်နိုင်ငံ၏ နောက်ဆုံးတည်ဆောက်ခဲ့သည့် လေယာဉ်တင်သင်္ဘောသည် ပင်လယ်ပြင်စမ်းသပ်မှုများစွာကို ပြုလုပ်ပြီးနောက်တွင် တပ်တော်ဝင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘောသည် ပေကျင်း၏ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ၎င်း၏ ကိုယ်ပိုင်ရေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ရာတွင် ကမ္ဘာအကြီးဆုံးရေတပ်အတွက် အထောက်အကူပေးလိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်ညာမြို့ရှိ ဖူကျန်းလေယာဉ်တင်သင်္ဘောပေါ်သို့ ဗုဒ္ဓဟူးနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
သင်္ဘောတပ်တော်ဝင်ခြင်းနှင့် အလံတင်အခမ်းအနားသို့ အခမ်းအနားသို့ တရုတ်ရေတပ်နှင့် လေယာဉ်တင်သင်္ဘောတည်ဆောင်ရေးဌာနများမှ တာဝန်ရှိသူ ၂,၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဆိုသည်။
ဖူကျန်းသည် တရုတ်၏ တတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်သော်လည်း ပြည်တွင်း၌ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့သည့် ပထမဆုံးသော လေယာဉ်တင်သင်္ဘောဖြစ်သည်။
ယခု လေယာဉ်တင်သင်္ဘောသည် ပိုမိုသေးငယ်ပြီး လေယာဉ်များပျံတက်ရာတွင် စောင်းလျှောပြေးလမ်းကို အားကိုးအားထားပြုရသည့် တရုတ်၏ ယခင် ရုရှားဒီဇိုင်းလေယာဉ်တင်သင်္ဘောနှစ်စီးဖြစ်သော လျောင်နင်၊ ရှန်တုံတို့ထက် ပိုမိုထိရောက်သော ရေတပ်လက်နက်တစ်ခုဖြစ်လာနိုင်သည်။
လျှပ်စစ်သံလိုက်ပစ်လွှတ်ကိရိယာများ(အမေရိကန်ရေတပ်၏ နောက်ဆုံးပေါ် Ford-class လေယာဉ်တင်သင်္ဘောများတွင်သာတွေ့ရသော) တပ်ဆင်ထားသော ဖူကျန်းသည် ပိုမိုလေးလံကြီးမားသော လက်နက်များတပ်ဆင်ထားသည့် လေယာဉ်များကို တင်ဆောင်နိုင်မည်ဖြစ်သည်။
ဖူကျန်း၏ ပင်လယ်ပြင်စမ်းသပ်မှုများအတွင်း တရုတ်ရေတပ်သည် ဂျေ-၃၅ ကိုယ်ပျောက်တို-က်လေယာဉ်၏ လေယာဉ်တင်သင်္ဘောသုံးဗားရှင်းအသစ်နှင့် ကြိုတင်သတိပေးလေယာဉ် ကေဂျေ-၆၀၀ အပြင် ဂျေ-၁၅ တို-က်လေယာဉ်မျိုးကွဲတစ်ခုကိုလည်း မိတ်ဆက်ထားခဲ့သည်။
သင်္ဘော၏ ကိုယ်ပိုင်ထောက်လှမ်းရေးလေယာဉ်ကို သယ်ဆောင်နိုင်စွမ်းကြောင့် ဖူကျန်းသည် လျောင်နင်၊ ရှန်တုံတို့နှင့် မတူဘဲ မြေပြင်အခြေစိုက် အထောက်အပံ့များ၏ အကွာအဝေးမှ ကင်းလွတ်သွားသည့်အခါတွင် စမ်းတဝါးဝါးလုပ်ဆောင်နေမည်မဟုတ်ဟု ဆိုလိုပြီး ၎င်း၏ အဆင့်မြင့်ဆုံးသင်္ဘောကို ပိုမိုဝေးလံသော ရေပြင်နေရာများတွင် ခုတ်မောင်းလည်ပတ်နိုင်စေမည်ဖြစ်သည်။
Ref: အယ်ဂျာဇီးယား
