မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ GACC စနစ်ဖြင့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က အသိပေးပြီးနောက်ပိုင်း တင်ပို့လိုသူများအနေဖြင့် EOI လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အသိပေးထားသည်။
လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ကို ဖေဖော်ဝါရီ (၂၈)ရက် ၊ နောက်ဆုံးထား၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် လျှောက်လွှာရယူပြီး တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလအတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆) ရက်တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း ၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေသေးကြောင်း သိရသည်။
ယခုအခါနှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီးစိုက်ခင်းများနှင့် ထုပ်ပိုးသည့် စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ အဆိုပါစိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမည်ဖြစ်ပြီး ၎င်း၏ဝဘ်ဆိုဒ်တွင် အတည်ပြုထားသောစာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် စိုက်ပျိုးသူများအနေဖြင့် ပြည့်စုံသော အရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များ ထူထောင်ရန်နှင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အသီးများနှင့် အရွက်များတွင် အင်းဆက်ပိုးမွှားများ၊ ခရုများ၊ မြ က်မျိုးစေ့များ၊ အပင်အကြွင်းအကျန်များနှင့် မြေကြီးကဲ့သို့ အမှိုက်များကင်းစင်စေရန်အတွက် ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း လက်ဖြင့်စီခြင်း၊ စစ်ဆေးခြင်း၊ ရေဖြင့်ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် ဖိအားမြင့်ရေပိုက်ဖြင့် ဆေးကြောသန့်စင်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။