ပေကျင်း၊ဖေဖော်ဝါရီ ၆
တရုတ်မီးပုံးပျံအား ပစ်ချလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်ပျက်စီးစေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ထုတ်ပြန်ကြေငြာခဲ့သည်။
ဝါရှင်တန်ကထောက်လှမ်းရေးမီးပုံးဟုယူဆထားသော အဆိုပါကိရိယာသည် မြောက်အမေရိက၌ရက်အတော်ကြာပျံသန်းနေခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့်ပင် ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ ပေကျင်းခရီးစဉ်လည်းရပ်ဆိုင်းလိုက်ရသည်။
ယခုလုပ်ရပ်သည် အမေရိက၏အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိသဖြင့် အများပြည်သူနှင့်လွတ်ကင်းသည့်နေရာအရောက်တွင် အမေရိကဘက်မှပစ်ချလိုက်ကြောင်းသိရသည်။
သို့သော်ပေကျင်းကမူ အဆိုပါမီးပုံးသည် မိုးလေဝသအတွက် လွှတ်တင်ထားခြင်းသာဖြစ်သည်ဟုအခိုင်အမာဆိုလျက် ပစ်ချလိုက်သည့်အပေါ် မကျေနပ်ကြောင်း တရုတ်နိုင်ငံရှိအမေရိကန်သံရုံးသို့ တရားဝင်ကြေငြာချက်ပို့ခဲ့သည်။
မီးပုံးပျံအား ဝါရှင်တန်ကပစ်ချလိုက်ပြီးနောက်တစ်ရက်တွင်လည်း လက်တင်အမေရိက၌ အလားတူနောက်ထပ်မီးပုံးပျံတစ်ခုထပ်မံတွေ့ရှိခဲ့ကြောင်း ပင်တဂွန်ကထုတ်ပြန်ကြေငြာခဲ့ပြီး အဆိုပါမီးပုံးနိုင်ငံ့လေပိုင်နက်အတွင်းမှထွက်သွားသည်အထိ စောင့်ကြည့်ထိန်းချုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။
ပေကျင်းကမူ ယခုလုပ်ရပ်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့သည့် နှစ်နိုင်ငံသမ္မတများ၏တွေ့ဆုံမှုနှင့် ပေကျင်းဘက်ကကြိုးစားထိန်းသိမ်းနေသည့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအပေါ် ပြင်းထန်စွာသက်ရောက်မှုရှိသည်ဟုပြောကြားခဲ့သည်။
Source : AFP