ယခုရက်ပိုင်းအတွင်း တရုတ်ဘက်မှ အဝယ်လိုက်လာသည့်အတွက် ကြက်သွန်နီဈေးမြင့်တက်လာကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ယခုရက်ပိုင်းတွင် ကြက်သွန်နီစျေးမှာ တစ်ပိသာလျှင် (၂၃၅၀) ကျပ် အထိစျေးရရှိပြီး ယခင်ရက်များထက် စျေးပိုရရှိနေကြောင်း သိရသည်
ထို့ပြင် တစ်ရက်လျှင် ကြက်သွန်နီကုန်စည်ဒိုင်သို့ ပိဿာ (၁၉၅ဝဝ)ကျော် အဝင်ရှိနေပြီး လက်ကျန်မှာ ပိဿာ ချိန် (၅)သန်း (၆) သန်းကြား ကျန်ရှိနေကြောင်း ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်သို့ တင်ပို့ရောင်းချနေရခြင်းတို့ကြောင့် ယခု ရက်ပိုင်းတွင် စျေးနှုန်းအနည်းငယ် မြင့်တက်လာပြီး ပခုက္ကူကြက်သွန်နီနှင့် ဆိပ်ဖြူ ကြက်သွန်နီတို့သည် စျေးကွက်တွင် နေရာတစ်ခုအနေဖြင့် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ကြက်သွန်နီကို မြန်မာနိုင်ငံ နေရာအနှံအပြားတွင် စိုက်ပျိုးကြသော်လည်း ပခုက္ကူနှင့် ဆိပ်ဖြူဒေသတို့တွင် အဓိကသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ ဆိပ်ဖြူကုန်စည်ဒိုင်သို့ ဆိပ်ဖြူဒေသမှ ကြက်သွန်စိုက်ကျေးရွာများအပြင် ပခုက္ကူ၊ ပေါက်၊ ဆော၊ စလင်း၊ ဆင်ဖြူကျွန်း ဒေသများမှပင် လာရောက်ရောင်းချကြကြောင်း သိရသည်။
အဆိုပါ ကြက်သွန်ကုန်စည်ဒိုင်မှတဆင့် ရန်ကုန်သို့အများဆုံးတင်ပို့ ရောင်းချကြပြီး မူဆယ်၊ မြဝတီ၊ မော်လမြိုင်နှင့် ဧရာဝတီတိုင်းတို့အထိ ပြန်လည်တင်ပို့ရောင်းချခြင်းဖြစ်သည်။
ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံသို့ G to G စနစ်ဖြင့် တင်ပို့ရောင်းချရန်အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနေကြောင်းလည်း သိရသည်။