အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီနှင့် ယခုသီတင်းပတ်အတွင်းက ဖုန်းပြောရာတွင် တရုတ်နိုင်ငံနှင့် တင်းမာမှုကိုထပ်မံ၍ အရှိန်မမြှင့်ရန် တောင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။
ပေကျင်းကို ထပ်မံဒေါသထွက်စေမည့် အပြုအမူများကို ရှောင်ရှားစေလိုကြောင်း အင်္ဂါနေ့က ဖုန်းပြောရာတွင် ထရမ့်ပ်က တာကာအိချီကိုပြောသည်ဟု သတင်းရင်းမြစ်များက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် အတိမ်းအစောင်းမခံသော ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲထားမှုကိုဆက်ထိန်းထားရန် ကြိုးစားနေသော ထရမ့်ပ်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ တာကာအိချီကို တိကျသောတောင်းဆိုချက်များကိုမူ မလုပ်ခဲ့ဟု သတင်းရင်းမြစ်များထဲမှ တစ်ခုက ပြောသည်။
အငြင်းပွားမှုနှင့် ပတ်သက်၍ ညင်သာစွာပြောဆိုရန် ထရမ့်ပ်က တာကာအိချီကို တောင်းဆိုခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်က ပထမဦးဆုံး သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထရမ့်ပ်နှင့် ရှီတို့ နောက်တစ်ကြိမ် ဖုန်းပြောဆိုခဲ့ကြပြီး ချက်ချင်းဆိုသလိုပင် ထရမ့်ပ်က ဂျပန်ဝန်ကြီးချုပ်နှင့် ဖုန်းပြောခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံနှင့် ပြန်လည်ပေါင်းစည်းခြင်းသည် ပေကျင်း၏ ကမ္ဘာ့အစီအစဉ်အပေါ် အနာဂတ်မျှော်မှန်းချက်အတွက် အဓိကကျသော အပိုင်းတခုဖြစ်ကြောင်း တရုတ်ခေါင်းဆောင်က ထရမ့်ပ်ကို ပြောကြားခဲ့သည်။
ပေကျင်း၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း အခိုင်အမာပြောဆိုချက်ကို ပယ်ချသည့် ထိုင်ဝမ်ကမူ လူဦးရေ ၂၃ သန်းရှိ ထိုင်ဝမ်ကို တရုတ်သို့ ပြန်လည်ပေါင်းစည်းခြင်းသည် ရွေးချယ်စရာလမ်းကြောင်းတစ်ခုမဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့က အာဏာရကွန်မြူနစ်ပါတီ၏ သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် စစ်ဝါဒကို ပြန်လည်အသက်သွင်းမည့် လုပ်ဆောင်ချက်များကို တားဆီးရေးအတွက် ဂျပန်ကို ထိန်းသိမ်းပေးရန် အမေရိကကို တိုက်တွန်းထားခဲ့သည်။
Ref: သည်ဂါးဒီးယန်း
