ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဖရဲ၊သခွား မျာကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် ဈေးကောင်းမရဖြစ်ကြောင်း သစ်သီးပွဲရုံများ၏ ပြောပြချက်အရ သိရသည်။
မြန်မာ့ဖရဲနှင့်သခွားမွှေးများကို မိုင်းလား-တာလော့မှ
တဆင့် တင်ပို့ရခြင်းဖြစ်သည့်အတွက် ယင်းလမ်းကြောင်းမှာ လမ်းခရီးကြန့်ကြာသည့်အပြင် ရာသီဥတုကြောင့် တရုတ်ဈေးကွက်သို့ ရောက်ရှိချိန်တွင် အရည်အသွေးကျဆင်းသွားခြင်းကြောင့် ဈေးကောင်းမရခြင်းဖြစ်သည်ဟု ဆိုသည်။
” မိုင်းလား-တာလော့ သခွားဈေးကွက် အနွံအတာမခံတဲ့မိုးသခွားတွေအတွက် မိုင်းလားလမ်းပိုင်းက စိန်ခေါ်မှုကြီးလှတယ်။ အရည်အသွေးအရ သခွားဈေးများတအိအိကျပါတယ်။ မိုးဖရဲတွေ သိပ်မတက်နိုင်ကြပါ။
လမ်းခရီးကုန်ကျစရိတ်နဲ့ရောင်းဈေးအရ Riskများလှပါတယ်” ဟု သစ်သီးပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုင်းလား-တာလော့ဈေးကွက်၌ မိုးဖရဲသီး တစ်တန် ယွမ် ၄၀၀၀ နှင့် ယွမ် ၅၀၀၀ ဝန်းကျင် ၊ မိုးသခွားမွှေးတစ်တန် ယွမ် ၃၀၀၀ နှင့် ယွမ် ၄၀၀၀ ကြားသာ ရရှိနေကြောင်း သိရသည်။
ယခင်က တရုတ်ဈေးကွက်သို့ သစ်သီးများတင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်မှတဆင့်တင်ပို့ခြင်းဖြစ်ရာ ဈေးကောင်းရရှိခဲ့ကြောင်း သိရသည်။
ဖရဲ၊ သခွားရာသီသည် နိုဝင်ဘာလမှ ဧပြီလထိဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် ရာသီကုန်မည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ
