ကမ္ဘောဒီးယား၏ ဇီဝဇိုးငှက်သိုက်များကို တရုတ်ဈေးကွက်များသို့ တင်ပို့ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဧပြီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဧပြီလ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်များသည် နားလည်မှုစာချွန်လွှာ စုစုပေါင်း(၃၇) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ကမ္ဘောဒီးယား ဇီဝဇိုးငှက်အသင်းချုပ် ဥက္ကဌ နန်ဆိုသီက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။
ယင်းတို့ထဲမှ သုံးခုသည် ကမ္ဘောဒီးယား စိုက်ပျိုးရေးထုတ်ကုန်များနှင့် ဆက်စပ်ပြီး ငှက်သိုက်များ၊ ဒူရင်းသီးများနှင့် မိကျောင်းပေါက်များကို တရုတ်နိုင်ငံသို့ ချက်ချင်း တင်ပို့ခွင့်ပြုထားခဲ့သည်။
ကမ္ဘောဒီးယားငှက်သိုက်များသည် ပိုမိုသန့်ရှင်းကာ စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်ရှိသောကြောင့် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားကဲ့သို့ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးမြင့်မားသည်ကို အသိအမှတ်ပြုခံရကြောင်း၊ ထိုနိုင်ငံများသည်မူ အကြီးစားစက်မှုလုပ်ငန်းပိုင်းတွင် ပိုမိုဖွံ့ဖြိုးသော်ငြားလည်း ငှက်သိုက်များသည် ညစ်ညမ်းမှု အမျိုးမျိုးနှင့် ဓါတုပစ္စည်းများ ပါဝင်လေ့ရှိကြောင်း နန်ဆိုသီက ရှင်းပြခဲ့သည်။
သန့်ရှင်းမှုပိုင်းနှင့် ဇီဝစံနှုန်းဆိုင်ရာ အသိအမှတ်ပြုချက်တို့နှင့် ကိုက်ညီပါက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ငှက်သိုက် ကုန်ကြမ်းနှင့် ပြုပြင်ထားသော ငှက်သိုက် နှစ်မျိုးစလုံးကို တင်ပို့ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Ref: သည်စတား