ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်မှ သြဂုတ် ၂၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ တရုတ်လူမျိုးခရီးသွားများလွယ်ကူချောမွေ့စွာသွားလာလည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာများကြိုတင်ပြင်ဆင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံ၊ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ တရုတ်လူမျိုး
ခရီးသွားဧည့်သည်များ အများအပြားဝင်ရောက်လာမည်ဖြစ်ရာ ပိုမိုလာရောက်ရေးနှင့်ဈေးကွက်ရရှိရေးအတွက် ခရီးသွားကုမ္ပဏီများအနေဖြင့်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကာ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကိုကူညီပံ့ပိုးပေးသွားမည်ဟု ပြောသည်။
ထို့ပြင် တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများ၌ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် ခရီးသွားရာသီအမီ ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေး၊ဘာသာစကားနှင့်နေထိုင်သွားလာရေးအပါအဝင် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားရန်ဆွေးနွေးခဲ့သည်။
အာဆီယံနှင့်ဒေသတွင်းနိုင်ငံများအပြင် တရုတ်၊အိန္ဒိယ၊ရုရှားကဲ့သို့အလားအလာရှိသည့် ခရီးသွားဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားများပိုမိုဝင်ရောက်လာရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ရန်တိုက်တွန်းအားပေးခဲ့သည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ညွှန်ကြားရေးမှူးချုပ်၊ ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တက်ရောက်လာကြသော အသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ တရုတ်ခရီးသွားဈေးကွက်ဆောင်ရွက်နေသော ခရီးသွားကုမ္ပဏီများမှတာဝန်ရှိသူများက ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။