တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အလျင်အမြန်ကြီးထွားလာသော ခရီးသွားဈေးကွက်ကို အထောက်အကူပြုနိုင်သော အိန္ဒိယနိုင်ငံသားများအတွက် ရိုးရှင်းသော ဗီဇာလုပ်ငန်းစဉ်ကို စတင်ကျင့်သုံးရန် စီစဉ်နေသည်။ ပေကျင်းနှင့် နူးဒေလီတို့သည် ငါးနှစ်ကြာ သဘောထားကွဲလွဲမှုအပြီးတွင် စီးပွားရေးဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် နောက်ထပ်ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသားများသည် ဒီဇင်ဘာလ ၂၂ ရက် နေ့မှစတင်ကာ အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်မည်ဖြစ်ပြီး နိုင်ငံတွင်းရှိ သံရုံး သို့မဟုတ် အခြားကောင်စစ်ဝန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရခြင်းမှ အချိန်ကုန်သက်သာစေမည်ဖြစ်သည်။
ငါးနှစ်ကြာရပ်ဆိုင်းထားပြီးနောက် အောက်တိုဘာလတွင် တရုတ်နှင့် အိန္ဒိယအကြား တို-က်ရို-က်လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံသည် ဒေသတွင်း သြဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေသော မဟာဗျူဟာမြောက်ပြိုင်ဘက်များအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၂၀ ပြည့်နှစ်က ဟိမဝန္တာတောင်တန်းနယ်စပ်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းတွင် ဆက်ဆံရေးမှ တဖြည်းဖြည်း ပြေလည်လာကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ ဗီဇာထိန်းချုပ်မှုများကို ဖြေလျှော့ပေးနေပြီး တရုတ်နှင့် အိန္ဒိယအတွက် အဓိကလမ်းကြောင်းသည် အချင်းချင်း ပိုမိုထိတွေ့ဆက်ဆံရန်ဖြစ်သည်ဟု ပေကျင်းရှိ တရုတ်နှင့် ကမ္ဘာလုံးဆိုင်ရာ တတ်သိပညာရှင်ဗဟိုဌာနမှ ဒုတိယဥက္ကဌ ဗစ်တာဂေါက ပြောကြားခဲ့သည်။ အိန္ဒိယလူမျိုးများ တရုတ်နိုင်ငံသို့ ပိုမိုလွယ်ကူချောမွေ့စွာ သွားရောက်ခွင့်ပေးခြင်းသည် အထူးကျေးဇူးတင်စရာဖြစ်လိမ့်မည်ဟု ၎င်းက ဆိုခဲ့သည်။
လွယ်ကူရှင်းလင်းသော ဗီဇာမူဝါဒကြောင့် ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၂၁ ဒဿမ ၆ ဘီလျံတန်ဖိုးရှိခဲ့သော အိန္ဒိယ၏ အကျိုးမြတ်များသည့် ပြည်ပခရီးသွားဈေးကွက်၏ ပိုမိုကြီးမားသော အစိတ်အပိုင်းကို တရုတ်နိုင်ငံက ရယူရန် ကူညီပေးနိုင်သည်ဟု အိန္ဒိယသုတေသနကုမ္ပဏီ MarketsandMarkets ၏ အစီရင်ခံစာက ဖော်ပြသည်။ ခရီးသွားလုပ်ငန်းသည် ၂၀၃၃ ခုနှစ်တွင် ဒေါ်လာ ၆၁ ဒဿမ ၇ ဘီလျံအထိ မြင့်တက်လာမည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
Ref: ဆော့ခ်ချိုင်းနားမောနင်းပို့စ်
