တရုတ်နိုင်ငံဟာ လရဲ့ ဝေးကွာတဲ့ဘက်ခြမ်းမှ ကျောက်သားနဲ့ မြေလွှာနမူနာတွေကို ပြန်ယူဆောင်လာမယ့် နှစ်လနီးပါးကြာမစ်ရှင်အတွက် လူမဲ့အကာသယာဉ်တစ်စင်းကို သောကြာနေ့မှာ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပေါ်ရှိ ဝမ်ချမ်း(Wenchang) ဒုံးပျံလွှတ်တင်ရေးစင်တာကနေ လူလိုက်ပါခြင်းမရှိတဲ့ ချန်အိ-၆ (Chang’e-6) စူးစမ်းလေ့လာရေး အာကာသယာဉ်ကို နိုင်ငံရဲ့ အကြီးဆုံး Long March-5 ဒုံးပျံနဲ့ ပေကျင်းစံတော်ချိန် သောကြာနေ့ ညနေ ၅း၂၇ နာရီမှာ လွှတ်တင်လိုက်တာဖြစ်ပါတယ်။
ချန်အိ-၆ ကို လရဲ့အစွန် အဖျား တောင်ဝင်ရိုးစွန်း Aitken Basin မှာ ဆင်းသက်ဖို့ တာဝန်ပေးထားပြီး ယင်းနောက် ယာဉ်ဟာ ကမ္ဘာမြေနဲ့ အမြဲဝေးကွာနေတဲ့ လမျက်နှာပြင်မှ နမူနာတွေကို ထုတ်ယူကာ ပြန်လည်သယ်ဆောင်လာမှာဖြစ်ပါတယ်။
ဒီမစ်ရှင်စေလွှတ်ခဲ့မှုဟာ တရုတ်နိုင်ငံရဲ့ လကမ္ဘာနဲ့ အာကာသ စူးစမ်းလေ့လာရေးပရိုဂရမ်မှာ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်မှုဖြစ်ပါတယ်။
ဒီလို ရည်မှန်းချက်ကြီးပြီး အောင်မြင်တဲ့ အစီအစဉ်တစ်ခုကို အချိန်တိုအတွင်း တရုတ်နိုင်ငံက ဘယ်လိုဖွံ့ဖြိုးတက်အောင်လုပ်ဆောင်လိုက်နိုင်တယ်ဆိုတာက မိမိတို့အတွက် အနည်းငယ် ဆန်းကျယ်ပါကြောင်း ချန်အိ-၆ မစ်ရှင်ရဲ့ သိပ္ပံဆိုင်ရာ ရည်မှန်းချက်တွေထဲက တစ်ခုအတွက် တာဝန်ယူလုပ်ဆောင်နေတဲ့ ပြင်သစ်သုတေသီ Pierre-Yves Meslin က ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်က ချန်အိ-၄ အာကာသယာဉ်ဖြင့် ၎င်းရဲ့ ပထမဆုံး လူမဲ့လဆင်းယာဉ်ကို လရဲ့ ကမ္ဘာနဲ့ဝေးကွာတဲ့ဘက်ခြမ်းမှာပဲ ဆင်းသက်စေနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့ နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူသားတွေက လရဲ့ နမူနာတွေကို ပြန်ယူဆောင်လာနိုင်တဲ့ ချန်အိ-၅ မစ်ရှင်ကို စေလွှတ်ခဲ့ပါတယ်။ ချန်အိ-၆ မစ်ရှင်ကတော့ တရုတ်နိုင်ငံကို လရဲ့ ကမ္ဘာက မမြင်ရတဲ့ ဘက်ခြမ်းမှ နမူနာတွေကို ပြန်ယူဆောင်လာနိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာစေမယ်လို့ သိရပါတယ်။
Ref: Menafn.com