ထိုင်ဝမ်နှင့် ပတ်သက်သော ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်ပြု ပြောကြားမှုများကြောင့် ပေကျင်းက ဂျပန်နှင့် တင်းမာမှုများ မြင့်တက်လာနေစဉ် တရုတ်ကမ်းရိုးတန်းစောင့်တပ် သင်္ဘောအုပ်စုတစ်ခုသည် နိုဝင်ဘာလ ၁၆ ရက် နေ့တွင် ဆန်ကာကူကျွန်းစုရေပြင်ကို ကင်းလှည့်ခဲ့ကြောင်း တရုတ်ကမ်းရိုးတန်းစောင့်တပ်က သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
ဒီမိုကရေစီ ထိုင်ဝမ်ကိုတရုတ်က တိုက်ခိုက်လာခဲ့လျှင် တိုကျိုက စစ်ရေးတုန့်ပြန်မှုလုပ်လာရနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိက နိုဝင်ဘာလ ၇ ရက် နေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့ပြီးနောက်ပိုင်းမှစကာ တရုတ်နှင့် ဂျပန်အကြာ သံတမန်ရေးအငြင်းပွားမှု ပြင်းထန်နေခဲ့သည်။
ပေကျင်းကို ဒေါသထွက်စေခဲ့သည့် ထိုသို့မှတ်ချက်ပြု ပြောကြားချက်များကို မစ္စတာကာအိချိအနေဖြင့် တနည်းနည်းဖြင့် ပြန်လည်ရုပ်သိမ်းရန် မျှော်လင့်ကြောင်း တရုတ်က သတိပေးထားသည်။
“တရုတ်ကမ်းရိုးတန်းစောင့်တပ် ၁၃၀၇ သင်္ဘောအုပ်စုသည် ဒိုင်အိုယုကျွန်းစု ရေပိုင်နက်အတွင်း ကင်းလှည့်ခဲ့သည်။ ယင်းသည် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းရန်အတွက် တရုတ်ကမ်းရိုးတန်းစောင့်တပ်၏ ဥပဒေနှင့်ညီသော ကင်းလှည့်မှုဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ပေကျင်းက ဒိုင်အိုယုဟုခေါ်ဆိုကာ ဂျပန်က ဆန်ကာကူဟု သုံးနှုန်းသော ဂျပန်အုပ်ချုပ်သည့် ကျွန်းစုများတစ်ဝိုက်တွင် တရုတ်နှင့် ဂျပန်တို့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့မှုများရှိထားခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုကို ပေကျင်းရှိ ဂျပန်သံရုံးက လတ်တလောတွင် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
Ref: သည်စထရိတ်တိုင်းမ်စ်
