လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်း(၃)ပိုင်းခွဲကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ ဧရာဝတီတိုင်း၊ မဲဆန္ဒနယ်အမှတ်(၁)၏ အမျိုးသားလွှတ်တော်အချိုးကျကိုယ်စားပြုစနစ်(PR) တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။
နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များတွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” တရားဥပဒေစိုးမိုးမှုမရှိတဲ့ အနေအထားမျိုးကို လူထုတွေကမလိုချင်ကြပါဘူး။ ဒါ့ကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ဆောင်ရွက်သွားမှာပါ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောသည်။
ထို့ပြင် လူတိုင်းစားဝတ်နေရေးပြည့်စုံကြွယ်ဝရန်လိုကာ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးနေသဖြင့် ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ကိုင်သူများနေသဖြင့် ပြည်တွင်း၌အလုပ်အကိုင်များကိုဖော်ဆောင်ပေးရမည်ဖြစ်ကာ လူသားတိုင်း ၎င်းတို့၏ဘဝအခြေခံလူနေမှုဘဝပြည့်စုံရေးကို စီမံကိန်းချဆောင်ရွက်သွားမည်ဟုလည်း USDP ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ၌ USDP ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်းနှင့် ရေကြည်မြို့နယ်၊ USDP ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အိအိချောတို့မှလည်း မိတ်ဆက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
