လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် တရားမဝင်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများရှိပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနများသို့ အသိပေးဆက်သွယ်ကြရန် အသိပေးပန်ကြားလိုက်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျနှင့် ချွေတာသုံးစွဲလာစေရေးအတွက် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နည်းပညာကြောင့် ဓာတ်အားပျောက်ဆုံးမှုများနှင့် နည်းပညာကြောင့်မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှုများ (ဓာတ်အားခိုးယူသုံးစွဲမှုများ) လျော့နည်းပပျောက်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်နေပြီး မသမာသောနည်းလမ်းများဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖွဲ့စည်း၍ ဖော်ထုတ်အရေးယူလျက်ရှိကြောင်း ဖော်ပြထားသည်။
အလားတူ Smart Meter စနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခပေးဆောင်နိုင်မည့် Digital စနစ်နှင့် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်မည့် စနစ်တစ်ရပ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ကာလအတွင်း လာရောက်အသိပေးသူများအား ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလကျော်လွန်ပြီးနောက် Control Centre များမှ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို တွေ့ရှိပါက လျှပ်စစ်ဥပဒေများနှင့်အညီ ဒ-ဏ်ကြေးငွေချမှတ်ခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျ-က်ခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများနှင့် ပတ်သက်၍ သတင်းပို့လိုသူများအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) ဖုန်း ၀၆၇-၃၄၁၀၀၇၂၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) Call Center ၁၇၁၇၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) Hot Line ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ နှင့် ၁၆၁၆၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၀၆၇-၃၄၁၀၄၀၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
