မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် တရားခံပြေးများအား စုံစမ်းဖမ်းဆီး၊ လွှဲ ပြောင်းပေးမှု၊ နယ်စပ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ 1G1-11 Hotel ၌ ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ (တာချီလိတ် – မယ်ဆိုင်) နယ်စပ်ဆက်ဆံရေးအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အခမ်းအနားတွင် တာချီလိတ် နယ်စပ်ဆက်ဆံရေးရုံးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒု-ရဲမှူးကြီး ဇော်လင်းအောင်နှင့် မယ်ဆိုင်မြို့၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး BLO အဖွဲ့ဝင် Mr. YO SSAPONG TULACHOM တို့က အဖွင့်အမှာစကား ပြောကြားပြီး ပထမအကြိမ်(တာချီလိတ် – မယ်ဆိုင် နယ်စပ်ဆက်ဆံရေးရုံးအဖွဲ့) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှတာဝန်ရှိသူများက ထိုင်းနိုင်ငံသားများအား အရေးယူဆောင်ရွက်မှု၊ ထိုင်းနိုင်ငံ သား တရားခံပြေးများနှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတို့ကို ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံမှတာဝန်ရှိသူများကလည်း ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တရားခံပြေးများအား ကူညီစုံစမ်းဖမ်းဆီး၊ လွှဲပြောင်းပေးအပ်မှုများ၊ နှစ်နိုင်ငံနယ်စပ် ကိစ္စများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူများက ထပ်မံကျင်းပမည့် အစည်းအဝေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာချီလိတ်နယ်စပ်ဆက်ဆံရေးရုံးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒု-ရဲမှူးကြီးဇော်လင်းအောင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒု-ခရိုင်မှူးဦးကျော်ဇေယျ၊ ကုန်သွယ်ရေး (မယ်ယန်း)မှ ဒု-ညွှန်ကြားရေးမှူးဦးသန့်ဇင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်မှလည်း မယ်ဆိုင်မြို့၊ ဒု-မြိုနယ်အုပ်ချုပ်ရေးမှူး BLO အဖွဲ့ဝင် Mr. YOSSAPONG TULACHOM ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Minister Counsellor (Police Attache)ဖြစ်သည့် Police Colone Sanya Niumpradit ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။