တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး စုဝေးခန်းမ၌ ကျင်းပသော တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုည စာစားပွဲကိုတက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီး သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးနောက် တပ်မတော်ဆေးတက္ကသိုလ်ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျောင်းဆင်းအရာရှိများနှင့်အတူ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ ၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
