ယနေ့ တပေါင်းလဆန်း ၈ရက် ဥပုသ်နေ့သည် တနင်္ဂနွေနေ့နှင့်တိုက်ဆိုင်သလို ဗုဒ္ဓပူဇနိယပွဲတော်လည်း ရှိနေသဖြင့် ရွှေတိဂုံဘုရား ရင်ပြင်တော်တွင် ဥပုသ်သည်များ၊ဘုရားဖူးများ များလှသည်။
ဗုဒ္ဓကိုပူဇော်ရင်း ပဌာန်းရွတ်ဖတ်နေသည့် ပဋ္ဌာန်းတရားအသံတည်းဟူသော သဒ္ဒါရုံတို့ကို ဘုရာဖူးများ အာရုံပြုနာကြားခြင်း၊ မိမိတို့အုပ်စုလိုက် တန်ဆောင်များတွင်သီလယူခြင်း၊ပွဲတော်တွင် ပဋ္ဌာန်းတရား ရွတ်ဖတ် သရဇ္ဈာယ် ပူဇော်ကြသည့် သံဃာတော်များအတွက်
ဆွမ်းပြင်ဆင်လှူဒါန်းခြင်း စသည့်ကုသိုလ်အဖြာဖြာဖြင့် အလွန် ကျက်သရေရှိလှသည့် မင်္ဂလာ ပွဲတော်အချိန်အခါ ကိုတွေ့မြင်ကြရသည်။
ရွှေတိဂုံစေတီတော်မြန်ကြီး၏ ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ခဲ့ခါ မတ် ၅ ရက်အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာတော် ၁၂၀ ပါးမှ ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေမည် ဖြစ်သည်။
ထို့ပြင် မတ် ၄ ရက်ညနေ ၄ နာရီတွင်လည်း ရင်ပြင်တော်တစ်ပတ်ဆွမ်းဆန်တော်လောင်းလှူပွဲ၊ မတ် ၅ ရက်တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့်ရေစက်ချအနုမောဒနာအခမ်းအနားများကို ကျင်းပသွားမည်ဖြစ်သည်။







