မြန်မာနိုင်ငံ၏ စက်သုံးဆီလိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်မည့် တစ်နှစ်လျင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ပထမအဆင့် (Phase I) စတင်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောကြားချက်အရ သိရသည်။
စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲတို့ကို ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ ကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး နေ့စဉ်လည်ပတ်ချက်လုပ်နိုင်စွမ်း ဂါလန် (၈) သိန်းရှိသည့် သန်လျင်ရေနံချက်စက်ရုံကြီးကိုတည်ဆောက်ခဲ့ပြီးနောက် အဆင့်ဆင့်တိုးချဲ့တည်ဆောက်ကာ ရေနံထွက်ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှုနည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများအရည်အသွေးမှာ ဈေးကွက်လိုအပ်ချက်မပြည့်မီခြင်းတို့ကြောင့် ရပ်နားခဲ့ရသည်မှာ (၈) နှစ်ကျော်ရှိပြီဟုပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ရပ်နားခဲ့ရသော်လည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စက်သုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့၍ မကြာမှီ တစ်နှစ်လျှင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက်စက်ရုံသစ်ကြီးကို ပထမအဆင့် (Phase I) အနေဖြင့် စတင်လည်ပတ်နိုင်တော့မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
“ဒုတိယအဆင့် (Phase II) အနေနဲ့ တစ်နှစ်ကို တန်ချိန် (၃) သန်းချက်လုပ်နိုင်မယ့် စက်ရုံကိုဆက်လက်အကောင်အထည်ဖော်သွားမှာပါ”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ယနေ့ကမ္ဘာ့နိုင်ငံများတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်းလောင်စာများ၊ နျူကလီးယားစွမ်းအင်များအပြင် ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဒြပ်ထုနှင့် ဟိုက်ဒရိုဂျင်စသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကိုပါ တိုးချဲ့ရှာဖွေပေါင်းစပ်ပြီး Energy Mix အနေဖြင့်အသုံးပြုနေကြသည်ကို တွေ့ရသော်လည်း လျင်မြန်စွာတိုးမြင့်လာနေသည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကိုလည်း အဓိကမှီခိုအသုံးပြုနေရဆဲဖြစ်သည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
