ONE က ဂန္ဓဝင်ဖိုက်တာများကို ပေးအပ်သည့် Hall Of Fame ဆုကို မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်က တတိယမြောက်ဖိုက်တာအဖြစ် ဆွတ်ခူးရရှိကြောင်း သိရသည်။
အဆိုပါဆုကို ONE ကပြုလုပ်သည့် ONE Friday Fight 173 ပွဲစဉ်အတွင်း ပေးအပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အောင်လအန်ဆန်အနေဖြင့် ပွဲပြုလုပ်မည့် ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ONE ၏ပထမဦးဆုံးသော Hall Of Fame ဆုကို Demetrious Johnson ကရရှိခဲ့ပြီး ဒုတိယမြောက်မှာ Bibiano Fernandes ရရှိထားကြောင်း သိရသည်။
အောင်လအန်ဆန်သည် ပြီးခဲ့သည့်အောက်တိုဘာလဆန်းက ဖိုက်တာဘဝ နောက်ဆုံးပွဲအဖြစ် ONE Fight Night 36 ပြိုင်ပွဲ၌ ဆွီဒင်ဖိုက်တာ ကာဒက်စတမ်ဖြင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
အောင်လအန်ဆန်သည် ONE Championship တွင် ၂၀၁၆ ခုနှစ်ကစ၍ ထိုးသတ်လာသူဖြစ်ပြီး ပွဲပေါင်း (၂၀) ထိုးသတ်ထားရာတွင် (၁၅) ပွဲနိုင်၊ (၅) ပွဲ ရှုံးနိမ့်ထားသည်။
ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုမှာ ချန်ပီယံခါးပတ်ဆုများ ရရှိခဲ့သည်။
အောင်လအန်ဆန်အနေဖြင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ (၄၇) ပွဲထိုး သတ်ထားကာ (၃၁) ပွဲနိုင်၊ (၁၅) ပွဲရှုံး၊ တစ်ပွဲ No Contests ဖြစ်ထားကြောင်း သိရသည်။
ဓာတ်ပုံ- Aung La Nsang
