တညင်းကုန်းလက်ကားဈေးမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်နေကြောင်း Myanmar Argo Exchange Public Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ဇူလိုင်လ (၃) ရက်က ပြုလုပ်ခဲ့သည့် မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) အား စာရင်း၀င်ကုမ္ပဏီအဖြစ် လက်ခံသည့်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ဈေးကထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေအားလုံးကို အမျိုးအစားခွဲခြားပြီး အမှိုက်ကြိတ်စက်နဲ့ ကြိတ်တယ်။ ပြီးရင် သက်ဆိုင်ရာကုမ္ပဏီနဲ့တိုင်ပင်ပြီး သတ်မှတ်နေရာမှာ စနစ်တကျစွန့်ပစ်တယ်။ ထွက်လာတဲ့ပစ္စည်းတွေထဲကနေ ဂေါ်ဖီတို့၊ ငှက်ပျောရွက်တို့လိုမျိုးတွေကို စုစည်းထားပြီး တိရစ္ဆာန်အစားအစာအနေနဲ့ နေ့တိုင်းကုန်တင်ကား (၄) စီးနဲ့ ဖြန့်ဝေပေးတာမျိုးရှိပါတယ်။ ဒါ့အပြင် တခြား သီးခြားဟင်းသီးဟင်းရွက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး မြေဆွေးအဖြစ်လုပ်ဆောင်သွားမယ့် စီမံကိန်းတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ပစ္စည်းပေးပြီး သူတို့ဘက်က မြေဩဇာဖြစ်အောင်လု ပ်ဆောင်သွားဖို့အတွက် ဆက်သွယ်ညှိနှိုင်းပြီး Pilot Survey ( ရှေ့ပြေးစစ်တမ်း) လုပ်ထားတာမျိုး ရှိပါတယ်” ဟု ဦးအောင်ကြီးက ဆိုသည်။
MAEX သည် လက်ရှိတွင် တညင်းကုန်းလက်ကားစျေးကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၁၆ ခုနှစ်အစပိုင်းက စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၇ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် ရည်မှန်းထားကြောင်းနှင့် လက်ရှိတွင် ၄၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဈေးဝင်းအတွင်း၌ ဈေးရုံကြီး (၇) ရုံ ပါဝင်ကြောင်း သိရသည်။
Waste Management အနေဖြင့် လက်ရှိအနေအထားတွင် အချို့သော အမှိုက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ စွန့်ပစ်နေပြီး နောင်တွင် အမှိုက်ဖြစ်မည့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချနိုင်မည့်နည်းလမ်းများ ရှာဖွေလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအောင်ကြီးက ပြောကြားခဲ့သည်။