တစ်နိုင်ငံလုံးတွင် ပြောင်းသီးနှံ စိုက်ဧက ၁ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်တွင် ၆၅ ရာခိုင်နှုန်းအထိ အများဆုံးစိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်၌ ပြောင်းစိုက်ဧက ၃ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ဧကပေါင်း ၆ သိန်းကျော်အထိ တိုးမြှင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းသီးနှံစိုက်ပျိုးမှုမှ ထွက်ရှိသည့် ၃၅ ရာခိုင်နှုန်းကို တိရစ္ဆာန်အစာနှင့် ပြည်တွင်းလုပ်ငန်း အမျိုးမျိုးအတွက် အသုံးပြုလျက်ရှိပြီး ပိုလျှံသည့် ၆၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
ထိုကဲ့သို့ တင်ပို့ရောင်းချရာတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် နှစ်စဉ်ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ တင်ပို့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယစသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
