အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ကာလကြာရှည်စွာ ဆိုင်းငံ့ထားသော အမေရိကနှင့် တရုတ်ကြားရှိ တင်းမာမှု လျှော့ချရေး ဆွေးနွေးပွဲအတွက် လာမည့်အပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းကို ရိုက်တာသတင်းဌာနက အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးကို ကိုးကား၍ ဇွန်လ ၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။ သောကြာနေ့တွင် တာဝန်ရှိသူတစ်ဦးက ဘလင်ကန်သည် ဇွန်လ ၁၈ နေ့တွင် ပေကျင်းသို့ ရောက်ရှိနေမည်ဟု ပြောခဲ့သော်လည်း အသေးစိတ် ကိုမူ ပြောကြားခြင်း မရှိခဲ့ပေ။
ထိုခရီးစဉ်အတွင်း ဘလင်ကန်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျင်ဂန်အပြင် သမ္မတ ရှီကျင့်ဖျင်နှင့်ပါ တွေ့ဆုံသွားနိုင်ဖွယ်ရှိသည်။
ဘလင်ကန်သည် ဖေဖော်ဝါရီလကတည်းက ပေကျင်းသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အမေရိကပေါ်သို့ တရုတ်သူလျှို မိုးပျံပူဖောင်း ဖြတ်သန်းသွားသည်ဟူသော သတင်းပေါ်ထွက်လာပြီးနောက် အဆိုပါခရီးစဉ်ကို ရွှေ့ဆိုင်းပစ်ခဲ့သည်။
ဘလင်ကန်သည် ထိုင်ဝမ်အရေး၊ ပေကျင်း၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် နည်းပညာ ပြိုင်ဆိုင်မှုများကြောင့် ဆိုးရွားလာခဲ့သော နှစ်နိုင်ငံ ဆက်ဆံရေးအား ပြန်လည်တည်ငြိမ်လာစေရန် ရည်ရွယ်၍ ပေကျင်းသို့ သွားရောက်ခြင်း ဖြစ်သည်။
Source: စီအင်န်အေ