တိုင်ပေ၊ ဖေဖော်ဝါရီ ၆
တရုတ်နှင့် ထိုင်ဝမ်ကြား စစ်ရေးနှင့် နိုင်ငံရေး တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်ကြားတွင် ထိုင်ဝမ် အာဏာရပါတီ၏ အဓိက အတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT)၏ ဝါရင့် ခေါင်းဆောင်သည် ယခုအပတ်အတွင်း တရုတ်သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ပါတီက ဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ပါတီဒုတိယဥက္ကဌ အန်ဒရူး ရှီရာသည် တရုတ်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာမည်ဖြစ်ပြီး အသစ်ခန့်အပ်သော တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲဆောင်းတောင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကူမင်တန်ပါတီက ထုတ်ပြန်ထားသည်။
ရှီရာနှင့် သူ၏ ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာကို အခြေခံ၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ကူမင်တန် ပါတီကဆိုသည်။
ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်ရေလက်ကြား လုံခြုံရေးနှင့် ပတ်သက်၍ ထိုင်ဝမ်၏ လူထုစိုးရိမ်မှုများနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် မျှော်လင့်ထားသည်များကို ဆွေးနွေးတင်ပြမည်ဟုလည်း ပါတီက ပြောထားသည်။
ကူမင်တန်ပါတီသည် အစဉ်အလာအားဖြင့် တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း ပေကျင်းအစိုးရ၏လက်အောက်သို့ ဝင်ရောက်ရန် အပြင်းအထန် ငြင်းဆိုထားသည်။
တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကလည်း ရှီရာအား ကြိုဆိုပါကြောင်း ပြောထားသည်။
Source: CNA
