ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် မေနှင့် ဇွန်တွင် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကိုလည်းကောင်း၊ မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုင်ငံတကာဈေးနှုန်းများ၊ ဝယ်ယူဖြန့်ဖြူးရောင်းချအသုံးပြုမှုအခြေအနေများကိုလည်းကောင်း အစည်းအဝေးတတ်ရောက်လာသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။