မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် အသက်ပြည့်ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထပ်မံအသိပေးထားသည်။
သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်ရမည်ဖြစ် သ ည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ်သည်။
ထို့ကြောင့် မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ (၁၇) ရက်မှ (၂၁) ရက်အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီခွဲအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း အသိပေးကြေညာထားသည်။
