ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ရှိခဲ့သည့် ၂၀၂၃ ခုနှစ် အပါအဝင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများကို နေပြည်တော်ရှိ စာစစ်ဦးစီးဌာန(ရုံးချုပ်) နှင့် ရန်ကုန်မြို့ရှိ စာစစ်ဦးစီးဌာန(ရုံးခွဲ)တို့တွင်သာ ထုတ်ပေးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းများကို ထုတ်ပေးခြင်းမရှိသေးသော်လည်း ယခင်စာသင်နှစ်များက အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို ထုတ်ပေးလျက်ရှိကြောင်းနှင့် အမှတ်စာရင်းများကို ရုံးဖွင့်ရက်အတွင်း မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအထိ ကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း အသိပေးထားသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာနအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒဿမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ၏စာရင်းများအရ သိရသည်။