ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည် ယမန်နေ့ (အောက်တိုဘာ ၁၃) ရက်ညပိုင်းက တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ကြပြီဖြစ်ကြောင်း သိရသည်။
ထိုခရီးစဉ်တွင် နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန် ကျောင်းသား၊ကျောင်းသူ ၁၁ ဦး၊ အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်သည့် စစ်သည် ၁ ဦးနှင့် ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၂ ဦး၊ အုပ်ချုပ်မှု အဖွဲ့ဝင် ၄ ဦး/ စုစုပေါင်း ၃၄ ဦး ပါဝင်ကြောင်း သိရသည်။
ထိုခရီးစဉ်ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံတကာ ယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူ လေ့လာနိုင်စေရန်အတွက် သွားရောက်ကြခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်ထိ ကြာမြင့်မည့် လေ့လာရေးခရီးစဉ်တွင် တရုတ်နိုင်ငံရှိ တီယန်တန် ပန်းခြံ၊ Tian an men ရင်ပြင်၊ မဟာတံတိုင်းကြီး နှင့် တခြား အထင်ကရနေရာများကိုလည်း သွားရောက်လေ့လာလည်ပတ်မည်လည်း ဖြစ်သည်ဟု သိရသည်။
