၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနောက်ကျသည့် ကျောင်းသား/ကျောင်းသူများကို ဇွန်လကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
မေလ (၂၃) ရက်မှ မေလ (၃၁) ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်နှံသူ ကလေးငယ် (၆) သန်းခွဲကျော်ရှိခဲ့ရာ ယမန်နှစ်ထက် ကျောင်းအပ်နှံသူ (၇၀၀၀၀) နီးပါး ပိုများခဲ့ပြီး ကျောင်းတက်သူဦးရေ ၆ ဒသမ ၂ သန်းကျော် ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတဝန်းရှိ အခြေခံပညာကျောင်းများကို ဇွန် (၁) ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုပညာသင်နှစ်တွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျောင်းအပ်သူများထံမှ မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးရန်၊ ပညာသင်ကာလအတွင်း စစ်ဆေးအ ကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို အဆင့်ဆင့်ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် စသည့်အချက်များ သိရှိလိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။
ယင်းအပြင် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီး ယခုနှစ် (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်ကို စနစ်သစ်ပညာရေးစနစ်ဖြစ်သည့် KG+12 ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်းလည်းသိရသည်။