ဇေကမ္ဘာကုမ္ပဏီ မှဆောက်လုပ်နေတဲ့ Oxygen Plant ဟာ ပြီးစီးသွားပြီဖြစ်လို့ အောက်ဆီဂျင် လိုအပ်ချက်ရှိနေတဲ့ ပြည်သူတွေအတွက် အောက်ဆီဂျင် အရည်တွေကို ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၃နာရီကစပြီး လှူဒါန်းပေးမယ်လို့ သိရပါတယ်။
လူတစ်ဦးကို အောက်ဆီဂျင် တစ်အိုး အခမဲ့လှူဒါန်းပေးမှာဖြစ်ပြီးတော့ မည်သည့်အရွယ် အစားမဆို ဖြည့်ပေးမယ်လို့ ကိုဇေသီဟက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုဗစ်၁၉ ကူးစက်ပြန့်ပွါးမှုမဖြစ်စေဖို့ အတွက် တန်းစီ စနစ်မထားဘဲ ကြိုတင် အကြောင်းကြားထားပြီး လာဖြည့်တဲ့စနစ်ကိုသာ အသုံးပြုမယ် လို့ ကိုဇေသီဟကဆိုပါတယ်။
ဒါ့အပြင် အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာရှင် ကိုယ်တိုင် Zay Thiha, Nandar Hlaing, Sein Phyo Hlaing, SEIN PHYO & YI စတဲ့အကောင့်တွေကို ဆက်သွယ်ပြီး အောက်ဆီဂျင်ထုတ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
အောက်ဆီဂျင်ထုတ်ယူနိုင်မည့်နေရာကတော့ဇေကမ္ဘာရုံးချုပ်၊ မင်္ဂလာဒုံဥယျာဉ်မြိုတော်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီးမှာ လာရောက်ထုတ်ယူနိုင်ပြီး ၂၄နာရီလုံး ဖြည့်ပေးနိုင်ဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။
နောက်တပတ်မှာ ထပ်ရောက်လာမယ့် အောက်ဆီဂျင်စက်ရရှိပါက တနေ့ကို အောက်ဆီဂျင် ၄၀L အိုး အလုံး ၃၀၀ မျှဝေနိုင်မယ်လို့လည်း ကိုဇေသီဟက ပြောထားပါတယ်။