ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာ၌ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် အောက်တိုဘာ (၂) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် လူသားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး၊ အရည်အသွေးပြည့်ဝသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေး၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်တွင် တည်ဆောက်မည့် ဇီဝလုံခြုံရေးအဆင့်(၃)ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အချိန်မီတည်ဆောင်နိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးညိနှိုင်းခဲ့ကြောင်း သိရသည်။
စနစ်ကျသည့် စိုက်ပျိုးရေးနည်းလမ်းများ အသုံးပြုရေးနှင့် ရေသွင်းစနစ်ဆိုင်ရာ အခြေခံအဆောက်အုံများကောင်းမွန်စေရေးအတွက် စီမံခန့်ခွဲနိုင်ရေးစသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
