ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံး နိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ခြင်းကို ကန့်ကွက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် FATF မှထုတ်ပြန်ထားသည့် Methodology ပါ စံနှုန်းသတ်မှတ်ချက်များအား လိုက်နာ၍ AML/ CFT/ CPF ဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) သို့ (၄) လတစ်ကြိမ် တိုးတက်မှုအစီရင်ခံစာများရေးသား ပေးပို့တင်ပြခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက်ရှင်းလင်းဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီအစည်းအဝေးများ တက်ရောက်ခြင်းတို့အား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များအပေါ် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ချက်များနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (ML/TF Risk) များကိုနားလည်ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ခြင်း၊ ယုံမှတ်အပ်နှံမှုဥပဒေအားပြင်ဆင်ခြင်း၊ သက်သေခံ ပစ္စည်းများစီမံရေး၊ ထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့ အပါ အဝင် သိသာထင်ရှားသော တိုးတက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် FATF မှအသိအမှတ်ပြု၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၄) ချက်သာ ကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence)စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် အချက် (၄)ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက Timeline များချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း၍ အားသွန်ခွန်စိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။
Basel Institute on Governance က ထုတ်ပြန်သည့် Basel AML Index 2025 အရ နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုအား အမှတ်စဉ် ၇ တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအား အမှတ်စဉ် ၁၉ တွင်လည်းကောင်း၊ နီပေါနိုင်ငံအား အမှတ်စဉ် ၄၉ တွင်လည်းကောင်း ဖော်ပြထား သော်လည်း ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီရန်နိုင်ငံတို့ ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။
၎င်းအပြင် FATF ကဲ့သို့ ခိုင်မာသည့် နိုင်ငံတကာလိုက်နာဆောင်ရွက်ရန် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များနှင့် Methodology များချမှတ်ပြီးအကဲဖြတ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။
သို့ပါ၍ Basel Institute on Governance က Basel AML Index 2025 ထုတ်ပြန်ချက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသများအားလုံးပေါ် လွှမ်းခြုံခြင်း မရှိသည့်အပြင် နိုင်ငံနှင့် ဒေသများ အားလုံးပါဝင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် FATF, APG တို့ကဲ့သို့ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးကို ရှေ့တန်းမှ စံနှုန်းချမှတ်လေ့လာသုံးသပ်နေသည့် အဖွဲ့အစည်းများ၏ အကဲဖြတ်ချက်များကို အခြေမခံဘဲ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၏တိုးတက်ဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ FATF နှင့် မြန်မာနိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နေမှုများကို သေချာစွာသုံးသပ်ခြင်းမရှိဘဲ ထိခိုက်အောင် ရေးသားထုတ်ပြန်နေမှုကို ကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်ထားသည်။
