ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျင်းပခဲ့ရာ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် ဇန်နဝါရီ ပထမပတ် နှစ်သစ်ကူးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့တို့တွင် ပြည်တွင်း၊ ပြည်ပမှ လာရောက်ဖူးမြော်ကြသူ ၅၈၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်လျက်ရှိသည်။
ထို့ပြင် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် နေ့စဉ်ပြေးဆွဲပေးလျက် ရှိကာ သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများ ဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စသည့်နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း သိရသည်။
