ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ အောက်တိုဘာလ (၆) ရက်မှ ဒီဇင်ဘာလ (၁၆) ရက်အထိ ပြည်တွင်း/ပြည်ပ ခရီးသွားစုစုပေါင်းလေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကာလတွင် ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပုံမှန်ကြားကာလရက်တွင် နေ့စဉ်ခရီးသွားဦးရေ ၄၀၀၀ မှ ၅၀၀၀ ကြားဝင်ရောက်လျက်ရှိပြီး ပိတ်ရက်တွင် သောင်းဂဏန်းဝန်းကျင်ရှိကြောင်း သိရသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတာ ကျင်းပလေ့ရှိသည်။
ပြီးခဲ့သည့်နှစ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနှစ်လတာ ဘုရားပွဲတော် ကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် ဦးရေ ၇၂၂,၀၀၀ ကျော်အထိ လာရောက်ဖူးမြော်ခဲ့ကာ ပွဲတော်ကာလပြီးဆုံးသွားသော်လည်း ဘုရားဖူးမြော်ခွင့်ကို ဆက်လက်ခွင့်ပြုပေးထားပြီး ဘုရားဖူးဧည့်သည်များအတွက် သွားလာရေး၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစသည်ဖြင့် အစစအရာရာ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
