ငလျင်သင့်ဒေသများတွင် ဆေးကုသမှုလုပ်ငန်းများပြီးဆုံး၍ အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့ ပြန်လည်ထွက်ခွာကြောင်း သိရသည်။
ယင်းကဲ့သို့ ပြန်လည်ထွက်ခွာမည့် Samaritan’s Purse International Relief ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ ကိုယ်စားတက်ရောက်ခဲ့ကြောင်း သိရသည်။
Samaritan’s Purse ဆေးအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွှေကြာပင်အားကစားကွင်း၌ ဧပြီ (၅) ရက်မှစတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ငလျင်ကြောင့် ထိခို-က်ဒဏ်ရာရရှိသူများနှင့် ပြင်ပလူနာအပါအဝင် လူနာစုစုပေါင်း (၅,၀၀၀)ကျော်အား အရေးပေါ်ခွဲ စိတ်ကုသခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် Samaritan’s Purse အဖွဲ့သည် ရွှေကြာပင်အားက စားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး နေပြည်တော်ကောင် စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၅,၀၀၀) အတွက် ဆိုလာမီးများ၊ ရေသန့်စက်များ၊ အိမ်ထောင်စုသုံးပစ္စည်းများ အစရှိသည်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။
Samaritan’s Purse International Relief အဖွဲ့အနေဖြင့် ဧပြီ (၅) ရက်မှ မေ (၆) ရက်အတွင်း ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း (၃၀၃) ခု၊ လူနာပေါင်း (၅,၈၁၃)ဦးအား ကုသမှုပေးခဲ့ပြီး ယခုလှူဒါန်းလွှဲပြောင်းပေးခဲ့သော အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ်ခွဲစိတ်ခန်းများ၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ ရေသန့်စင်စနစ်များပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၅)သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။