ဆူဇူကီးက အိန္ဒိယ၌ R&D ကုမ္ပဏီတစ်ခုဖွင့်လှစ်မည်
ဂန္ဒနာဂါ၊ဩဂုတ် ၂၈
ဆူဇူကီးမော်တော်ကားကော်ပိုရေးရှင်း (7269.T) သည် အိန္ဒိယနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတစ်ခုကို တည်ထောင်တော့မည်ဖြစ်ကြောင်း ကော်ပိုရေးရှင်း ဥက္ကဌက တနင်္ဂနွေနေ့ကပြောကြားခဲ့ပြီး ယခုကဲ့သို့တည်ထောင်ခြင်းသည် ဂျပန်ကားထုတ်လုပ်သူများအတွက် လျှပ်စစ်ကား (EV) အသုံးပြုမှုတွင် အချက်အချာဖြစ်လာမည့်နေရာ၏ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
Suzuki Japan ပိုင်ကုမ္ပဏီအသစ်သည် အိန္ဒိယနှင့်အခြားကမ္ဘာ့ဈေးကွက်များတွင် ကားထုတ်လုပ်သူ၏ R&D ယှဉ်ပြိုင်နိုင်စွမ်းနှင့် စွမ်းရည်များကိုအားကောင်းစေမည်ဖြစ်ကြောင်း တိုရှီယိုဆူဇူကီး က အနောက်ပိုင်းဂူဂျာရတ်ပြည်နယ်၏မြို့တော် ဂန္ဒနာဂါ၌ကျင်းပသည့်ပွဲတစ်ခုတွင်ပြောကြားခဲ့သည်။
“အိန္ဒိယသည် Suzuki Group အတွက် အရေးအပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်” ဟု၎င်းကဆိုကာ ဆူဇူကီးအနေဖြင့် အိန္ဒိယတွင်ရင်းနှီးမြှပ်နှံမှုအများအပြားကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင်းအသုံးပြုရန် (MRTI) ကားများကိုထုတ်လုပ်ထားပြီးဖြစ်သော ဆူဇူကီးသည် ၂၀၂၅ ခုနှစ်တွင် ဂူဂျာရတ်ရှိ ၎င်း၏စက်ရုံတွင် EV ကားများကိုထုတ်လုပ်ကာစတင်တင်ပို့ရောင်းချတော့မည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင်လည်း EV များအတွက် ဘက္ထရီထုတ်စက်ရုံများကိုလည်းပြည်နယ်တွင်တည်ဆောက်နေပြီဖြစ်ကြောင်းသိရှိရသည်။
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီသည် အိန္ဒိယတွင်၎င်း၏လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအစီအစဉ်အတွက် ရူပီး ၁၀၄ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ကျော်သုံးစွဲမည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် ဆူဇူကီး၏အကြီးမားဆုံး ဘက္ထရီနှင့်EV ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမည်ဟုပြောကြားခဲ့သည်။ယခုရင်းနှီးမြှုပ်နှံမှုမတိုင်ခင်ကလည်း ရူပီးငွေ ၆၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်သည်။
“အိန္ဒိယသည် ဆူဇူကီးလုပ်ငန်းစုအတွက် ကမ္ဘာလုံးဆိုင်ရာမော်တော်ကား ထုတ်လုပ်မှုဗဟိုချက်အဖြစ် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်” ဟု ဆူဇူကီးကပြောကြားခဲ့သည်။
ဆူဇူကီးသည် ဂျပန်၏ Denso Corp (6902.T) နှင့် Toshiba Corp (6502.T) တို့နှင့်လည်းဖက်စပ်လုပ်ကိုင်နေသည့် ပြည်တွင်းပြည်ပပို့ကုန်များအဖြစ် လစ်သီယမ် – အိုင်းယွန်း ဘက္ထရီများကိုလည်းထုတ်လုပ်လျက်ရှိသည်။
ဆူဇူကီးသည် အိန္ဒိယ၏ကားဈေးကွက်ကို သေးငယ်ပြီး တန်ဖိုးနည်းသော၎င်း၏ကားများဖြင့် လွှမ်းမိုးထားနိုင်ခဲ့သည်။သို့သော်ဝယ်ယူသူအများအပြားသည် ဆပ်ဖ်(SUVS) ကဲ့သို့သောကားအကြီးများနှင့် ဈေးကြီးသော်လည်း သဘာဝပတ်ဝန်းကျင်ကိုကာကွယ်နိုင်သည့် ကားများကိုပိုမိုအသုံးပြုလာသဖြင့် ကုမ္ပဏီအတွက် ပြိုင်ဆိုင်မှုကြီးမားလာခဲ့သည်။
အိန္ဒိယအစိုးရအနေဖြင့်လည်း ကုမ္ပဏီများကိုဒေါ်လာသန်းပေါင်းများစွာဖြင့် မက်လုံးပေးကာ လျှပ်စစ်ကားထုတ်လုပ်မှုတိုးတက်လာရန် ကားထုတ်လုပ်သည့်ကုမ္ပဏီများကိုတွန်းအားပေးလျက်ရှိသည်။အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကလည်း EV ကားများဖြင့်နိုင်ငံတွင်း၌ ပြောင်းလဲမှုတစ်ရပ်စတင်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး ၎င်း၏အစိုးရအနေဖြင့်လည်း ယခုကဲ့သို့သန့်ရှင်းပြီးသဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်သည့် မော်တော်ကားများ၏ဝယ်လိုအားနှင့်ရောင်းလိုအားများကို မြှင့်တင်ရန်လုပ်ဆောင်နေသည်ဟုလည်းပြောကြားခဲ့သည်။
Source -ရိုက်တာ