(၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ခံယူချက်အပြည့်အဝဖြင့်ကြိုးစားဆောင်ရွက်ရေးနှင့်ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံကပြောကြားခဲ့သည်။
သြဂုတ် ၂၉ ရက်နေ့လည် ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်တွင် (၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို အားပေးစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲသို့ စံချိန်စံညွှန်းကောင်းမွန်ပြီး အရည်အသွေးအရည်အချင်းပြည့်ဝသည့် အားကစားသမားများဖြင့်သွားရောက်ယှဉ်ပြိုင်စေလိုကာ စိတ်ဓာတ်၊ခံယူချက်အပြည့်အဝဖြင့် ကြိုးစားကြစေလိုသည်ဟု မှာကြားသည်။
“နိုင်ငံတော်အနေနဲ့ အားကစားကဏ္ဍကိုအထူးအရေးပေးပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမားတွေကို ဘဝအာမခံချက်ရှိစေဖို့အတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုကြေးငွေတွေ ချီးမြှင့် ပေးနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံကပြောသည်။
ထို့ပြင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားသွားကြရမည်ဖြစ်ကာ မိမိနိုင်ငံ၊မိမိလူမျိုးအတွက် အားကစား အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားကြရမည်ဖြစ်ပြီး ကျန်းမာရေးကိုအထူးဂရုပြုရန်လိုသည်ဟု မှာကြားသည်။
(၄)ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲအား မြန်မာမသန်စွမ်းအားကစားသမားများမှ ပြေးခုန်ပစ်၊ရေကူး၊ထိုင်လျက်ဘော်လီဘောအား ကစားနည်းတို့တွင်ဝင်ရောက်ယှဥ်ပြိုင်ရန် အုပ်ချုပ်/နည်းပြများ၊အားကစားသမားများ စုစုပေါင်း(၂၆)ဦးတို့မှ လေ့ကျင့်လျက်ရှိသည်။