၂၀၂၆ အာရှယူ-၁၇ အမျိုးသား ခြေစစ်ပွဲ၏ ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲစဉ်သဖွယ်ဖြစ်ခဲ့သည့် မြန်မာအသင်းနှင့် ဆီးရီးယားအသင်းပွဲစဉ်တွင် တဖက်နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ပွဲစဉ်ကို ယနေ့ ညနေ လေးနာရီ၌ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ ပရိတ်သတ်များလည်း ကွင်းလုံးပြည့်လျှံ လာရောက်အားပေးခဲ့ကြသည်။
မြန်မာအသင်းသည် ဆီးရီးယားအသင်းကို ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများပြန်ပေးရခဲ့ပြီး သရေကျခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းအတွက် ဂိုးများကို ညီညီသန့်က ပွဲချိန် ၁၀ မိနစ်၊ အံ့ထူးပိုင်က ပွဲချိန် ၃၄ မိနစ်တွင် သွင်းယူပေးခဲ့သည်။
မြန်မာအသင်းအနေဖြင့် ဆီးရီးယားအသင်းထံမှ သရေတစ်မှတ်ရယူနိုင်ရုံဖြင့် အာရှယူ -၁၇ အမျိုးသားခြေစစ်ပွဲကိုအောင်မြင်မည်လည်းဖြစ်ကာ လက်ရှိ၌ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ ဖြစ်သည်။
အုပ်စုတွင်းပွဲစဥ်များတွင် မြန်မာအသင်းသည် အာဖကန်နစ္စတန်အသင်းကို ၃ ဂိုး ၁ဂိုး၊ နီပေါအသင်းကို ၄ ဂိုး ဂိုးမရှိ၊ အိုမန်အသင်းကို ၂ဂိုး ဂိုးမရှိ ၊ ဆီးရီးယားအသင်းကို နှစ်ဂိုးစီဖြင့် သရေကျကာ အုပ်စုတွင်းရမှတ် ၁၀မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ ဖြစ်သည်။
အာရှဖလား ယူ-၁၇ ပြိုင်ပွဲသည် မြန်မာ ယူ ၁၇ အသင်းအတွက် ၁၉ နှစ်နီးပါး ဝေးကွာခဲ့ရာမှ ယခုတွင် ဝင်ခွင့် ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
