အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။
ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ (၂) နာရီအချိန်က ချင်းမိုင်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုး သားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့ နှစ်သင်းစလုံးကို ကြိုးစားပြီး ရင်ဆိုင်ပါ့မယ်။ ကျွန်တော်တို့ကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်အတွက် တစ်သင်းလုံး ကြိုးစားနေပါတယ်။ ရလဒ်ကောင်းနဲ့ ပရိသတ်ကို ပျော်စေချင်ပါတယ်” ဟု ပြောကြားသည်။
မြန်မာ ယူ ၂၂ အသင်းသည် ဒီဇင်ဘာ (၅) ရက် မြန်မာစံတော်ချိန် ညနေ(၅)နာရီခွဲအချိန်၌ ချင်းမိုင် အားကစားကွင်းတွင် ဖိလစ်ပိုင်အသင်းနှင့် ပွဲဦးထွက် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
SEA Games 2025 ပွဲစဉ်များအား MRTV, MRTV-4, Channel 7, HTV Sports တို့မှ တိုက်ရိုက်ပြသမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
