ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအတွက် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် (၁) ခုအပါအဝင် အခြားအားကစားနည်းများမှ ကြေးတံဆိပ် (၁၆) ခု စုစုပေါင်း ဆုတံဆိပ် (၁၇) ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွတ်ခူးရရှိသည့် ဆုတံဆိပ်များသည် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ် (၁) နှင့် ကြေးတံဆိပ် (၁) ခု၊ မွေထိုင်းအားကစားနည်းမှ ကြေးတံဆိပ် (၉) ခု၊ နပန်းအားကစားနည်းမှ ကြေးတံဆိပ် (၃) ခု၊ ရိုးရာလှေအားကစားနည်းမှ ကြေးတံဆိပ် (၂) ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၁၇) ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈) ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၂၀)၊ ကြေးတံဆိပ် (၃၈) ခု စုစုပေါင်းဆုတံဆိပ် (၆၁)ခု ဆွတ်ခူးပေးထားနိုင်ပြီး နိုင်ငံအလိုက် အဆင့် (၇) တွင် ဆက်လက်ရပ်တည်လျက်လည်းရှိသည်။
ယမန်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီမြို့ရှိ The Royal Thai Navy Rowing and Canoeing Training Center, Rayong ၌ ကျင်းပလျက်ရှိသည့် ရိုးရာလှေအားကစားနည်း နဂါးလှေလှော် Men Small Boad မီတာ ၂၀၀၊ Women Small Boad မီတာ ၂၀၀ နှင့် Mixed Standard Boad မီတာ ၂၀၀ ပြိုင်ပွဲများတွင် မြန်မာအသင်းမှ အားကစားသမားများ ယှဉ်ပြိုင်နေမှုများကို ဒုတိယဝန်ကြီး ဦးထိန်လင်းသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့်တာဝန်ရှိသူအဖွဲ့ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Nakhonpathom Sports Center Bangkok ၌ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲနှင့် လာအိုအသင်းမှ အားကစားသမားများ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသမီးလေးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမား ဖြူဖြူသန်း၊ ဖူးဖူး၊ နေခြည်နွေး၊ ယမုံဇင်၊ ခင်နှင်းဝေ၊ ချယ်ရီလင်းသစ်တို့ အတွဲနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားတို့၏ ယှဉ်ပြိုင်နေမှုများကိုလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ ဇင်မင်းဦး၊ အောင်မျိုးကျော်၊ သန့်ဇင်ထွန်း၊ ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်နှင့် ရန်ပိုင်ဦးတို့အတွဲနှင့် ဗီယက်နမ်အသင်းမှ အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံဂုဏ်ဆောင်ကစားများအနေဖြင့် အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
