မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ ဆီဆိုင်တဆိုင်တွင် ဆီဘောက်ဆာယာဉ်ကို ဆီဖြည့်ပြီးနောက် ဖခင်ဖြစ်သူနှင့်အတူ ဆီဘောက်ဆာကားအောက် အိပ်နေသည့် ကလေးငယ်တစ်ဦး ဖေဖော်ဝါရီ ၁၈ရက်နေ့က ပျောက်ဆုံးသွားခဲ့သည်။
အဆိုပါကလေးငယ်ကို ၄ရက်အကြာ ယနေ့တွင် ရွှေမုဌောဘုရားအနီး(ယခင်ရေကန်ဟောင်း)တွင်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့်သွေးလှူအသင်းမှ သိရသည်။
အဆိုပါကလေးငယ်သည် ဆီဘောက်ဆာမောင်းသည့် ဖခင်ဖြစ်သူနှင့်အတူ ကားပေါ်ပါလာခြင်းဖြစ်ပြီး ဆီဆိုင်တွင် ဆီဖြည့်ပြီး ညအချိန်တွင် အဆိုပါဆီဆိုင်မှာပင် ကားအောက်မှာ အခင်းခင်းပြီး သားအဖနှစ်ဦး အိပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသားအဖနှစ်ဦး အိပ်စက်ခဲ့ပြီး ဖခင်ဖြစ်သူနိုးလာချိန်တွင် ကလေးငယ်ကို မတွေ့ရတော့ကြောင်း ကလေး၏ဖခင်ကပြောကြားခဲ့သည်။
အဆိုပါ သေဆုံးသွားသည့်ကလေးငယ်သည် အသက် ၆ နှစ်လောက်သာရှိသေးကြောင်း သိရသည်။
