နိုင်ငံအတွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၆ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း/ ပြည်နယ်ဝန်ကြီးချုပ်များအားတွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ဆီဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်ဧကများတိုးချဲ့ခြင်းနှင့် ကော်ဖီများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ကော်ဖီစိုက်ဧကများတိုးချဲ့ခြင်းကိုခွင့်ပြုပေးထားကာ ပြည်တွင်းဆီလိုအပ်ချက်ကြောင့် ဆီနေကြာစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
” နှမ်းနဲ့ မြေပဲစိုက်ပျိုးတာတွေရှိပေမယ့် မိရိုးဖလာစားသုံးမှုနဲ့ ပြည်ပတင်ပို့မှုတွေကြောင့် ပြည်တွင်းဆီဖူလုံမှုအတွက် လိုအပ်ချက်များရှိနေပါတယ်။ ဆီနေကြာစိုက်ပျိုးတာကြောင့် ပြည်တွင်းဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာဖြစ်ပြီး ပြည်ပကဆီတင်သွင်းမှုတွေကိုလျှော့ချနိုင်မှာဖြစ်တာကြောင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ယခင်က ကော်ဖီစိုက်ပျိုးခြင်းကို စီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့သော်လည်း အပြည့်အဝမစိုက်ပျိုးခြင်းနှင့် အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် ထိုက်သင့်သလောက်အောင်မြင်မှုများမရှိခဲ့သဖြင့် လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းလုံး၌ မြေနိမ့်ကော်ဖီစိုက်ပျိုးနိုင်ရန် ကော်ဖီစိုက်ပျိုးမြေများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်ခွင့်ပြုပေးထားသဖြင့် အပြည့်အဝစိုက်ပျိုးရန်လိုသည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
