ဒေသန္တရရွေးကောက်ပွဲတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်၏ မဟာမိတ်များရှုံးနိမ့်ခဲ့ကြောင်း တနင်္ဂနွေနေ့ မဲရလဒ်များက ဖော်ပြနေပြီး ရာထူးတာဝန်ထမ်းဆောင်မှု သုံးနှစ်အကြာတွင် မလေးရှားခေါင်းဆောင်အတွက် စိတ်ပျက်ဖွယ်ကောင်းသော ပထမဆုံးရွေးကောက်ပွဲစမ်းသပ်မှုတစ်ခုဖြစ်ခဲ့သည်။
အန်ဝါ၏ Pakatan Harapan ညွန့်ပေါင်းအဖွဲ့သည် ဆာဘားပြည်နယ်တွင် ဝင်ပြိုင်သော နေရာ ၂၀ အနက် တစ်နေရာသာ အနိုင်ရခဲ့ပြီး ဘော်နီယိုကျွန်းပေါ်ရှိ ယင်းအရှေ့ပိုင်းပြည်နယ်တွင် ယခင်က ရရှိထားခဲ့သော နေရာခုနစ်နေရာမှ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။
“ဆာဘားရွေးကောက်ပွဲရလဒ်က အန်ဝါရဲ့ ညွန့်ပေါင်းအဖွဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တာကို ပြသနေပါတယ်” ယူနီဗာစီတီမလေးရှားမှ တွဲဖက်ပါမောက္ခနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ လီကွတ်တီအန်က ပြောကြားခဲ့သည်။
စနေနေ့ရွေးကောက်ပွဲသည် မလေးရှားနိုင်ငံတွင် ၂၀၂၈ ခုနှစ်အစောပိုင်းတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမတိုင်မီတွင် အန်ဝါအပေါ် လူထုထောက်ခံမှုကို စမ်းသပ်မည့် ဒေသန္တရရွေးကောက်ပွဲများစွာထဲမှ ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။
Pakatan Harapan ၏ အခြေအနေသည် ကျဆင်းနေသော်လည်း အန်ဝါ၏ အာဏာရအုပ်စုနှင့် ဆက်စပ်နေသော ပြည်နယ်အခြေစိုက်ပါတီများ ညွန့်ပေါင်းအဖွဲ့ Gabungan Rakyat Sabah သည် မလေးရှား၏ အကြီးဆုံးနှင့် အဆင်းရဲဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်သော ဆားဘားကို ထိန်းချုပ်ထားဆဲဖြစ်သည်။ ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရေး သဘောထားများ မြင့်တက်လာသည့်နှင့်အမျှ အန်ဝါ၏ ညွန့်ပေါင်းအဖွဲ့နှင့် ၎င်း၏ ဆက်ဆံရေးနှင့်ပတ်သက်၍ GRS သည် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဆာဘားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံရခြင်းအတွက် GRS ခေါင်းဆောင် ဟာဂျီဂျီနူးရ်ကို အန်ဝါက ဂုဏ်ပြုစကားဆိုခဲ့ပြီး ဖက်ဒရယ်အစိုးရအနေဖြင့် ပြည်နယ်မဲဆန္ဒရှင်များ၏ ပြတ်သားရှင်းလင်းသော သတင်းစကားကို အပြည့်အ၀လေးစားအသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
Ref: ရိုက်တာ
