ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများစသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန် အကြောင်း နားလည်သော ခေတ်မီအိမ်ရှင်မများအား လက်ဆင့်ကမ်းပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်) ကို ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
ဤအစီအစဉ်ကို တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပါဝင်အားဖြည့်ပံ့ပိုးကူညီပြီး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) သည် ညီနောင် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ အသင်းဝင်ဆန်အရောင်းဆိုင်လုပ်ငန်းများ၊ ဆန်စပါးကုမ္ပဏီများနှင့်အတူ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကအသိပညာပေးခြင်းတာက ထုတ်ကုန်ရဲ့အရည်အသွေးရယ်၊ ဈေးနှုန်းရယ်၊ အမျိုးအစားများရယ်၊ အရသာရယ် ဒါလေးတွေကို ပညာပေးခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက မျိုးကွဲတွေအများကြီးရှိတာပေါ့။ မြန်မာနိုင်ငံမှာ ဒေသအသီးသီးလိုက်မျိုးကွဲတွေရှိတာပေါ့။ ဧရာဝတီတိုင်းကထွက်တဲ့ပေါ်ဆန်းလည်းကောင်းပါတယ်။ စစ်ကိုင်းကထွက်တဲ့ရွှေဘိုပေါ်ဆန်းလည်းကောင်းပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာလည်း ပေါ်ဆန်းစိုက်တာရှိပါတယ်။ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန် ဝယ်ယူနိုင်တဲ့အရည်အသွေးမျိုးဖြစ်အောင် အသိပညာပေးတဲ့အနေအထားဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေက အမြဲတမ်းလုပ်နေရမှာဖြစ်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေ၊ အွန်လိုင်းကနေတဆင့် မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ပေးခြင်းအားဖြင့်တောင်သူလယ်သမားတွေလည်းအကျိုးရှိတယ်။ စားသုံးသူတွေလည်း အကျိုးရှိတယ်။ ဈေးကွက်ထဲမှာပါဝင်တဲ့သူတွေအတွက်လည်း မှန်ကန်တယ့်သတင်းအချက်အလက်တွေ ရရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
ဆန်သည် မြန်မာတို့၏ အစားအစာစနစ်တွင် နေ့စဉ်အခြေခံလိုအပ်ချက်ဖြစ်နေပြီး မြန်မာပြည်သူလူထုအတွက် အရေးပါသော အဓိကစားသောက်ကုန်စည်တစ်မျိုးဖြစ်သည်။
ပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဝယ်ယူစားသုံးသူများအနေဖြင့် ဆန်အကြောင်းသိကောင်းစရာများအပေါ် ပိုမိုသိရှိ နားလည် သဘောပေါက်ပြီး ရွေးချယ်ဝယ်ယူသုံးစွဲနိုင်စေရန်၊ စားသုံးသူအိမ်ရှင်မများ ဆန်ဝယ်ယူရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရေး အထောက်အကူပြုနိုင်ရန်၊ အရည်အသွေး၊ အမှတ်တံဆိပ်နှင့် ဈေးနှုန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်၊ စားသုံးသူများ ပိုမိုသိရှိနားလည်လာသည်နှင့်အမျှ ထုတ်လုပ်ရောင်းချသူများအနေဖြင့် အရည်အသွေး စံချိန်စံညွှန်းများနှင့် ဈေးနှုန်းများသင့်တင့်မျှတရန်လိုအပ်ချက်အပေါ် ပိုမိုအလေးအနက်ထား လိုက်နာလုပ်ဆောင်ခြင်းဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ဈေးကွက်၏ အရည်အသွေးထိန်းကျောင်းမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန်၊ ကျင့်ဝတ်နှင့်မညီသောရောင်းချမှုများ ပပျောက်စေရန်တို့ဖြစ်ကြောင်း သိရသည်။
