ဆင်မကြီး မိုမို အသက် ၆၈နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ကျင်းပပြုလုပ်မည်
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ အောက်တိုဘာလ ၂၀ရက်နေ့ကနေ ၂၄ရက်နေ့အထိ ဆင်မကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (Mo Mo’s Birthday Week)ကို ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။
Mo Mo’s Birthday Week အတွင်း စိတ်ဝင်စားစရာအစီအစဉ်များနဲ့ ထူးထူးခြားခြားတင်ဆက်မှုတွေ ပြသသွားဖို့ရှိနေပြီး မွေးနေ့ကိတ်ခွဲခြင်းအစီအစဉ်ကိုတော့ အောက်တိုဘာလ ၂၂ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဆင်မကြီးမိုမိုထံ မွေးနေ့ဆုတောင်းဗီဒီယိုပေးပို့ကြတဲ့ သူတွေထဲက ၁၀ဦးကို ရွေးချယ်ပြီး မွေးနေ့ပွဲဖိတ်ဖို့ အစီအစဉ်လည်း လုပ်ထားတာဖြစ်လို့ ဆုတောင်း ဗီဒီယိုတွေကို Yangon Zoo ဖေ့စ်ဘုတ်စာမျက်နှာရဲ့ မက်စေ့ဘောက်ထဲ အောက်တိုဘာလ ၁၇ရက်နေ့နောက်ဆုံးထားပေးပို့ကြဖိုပလည်းလိုပါတယ်။
ဆင်မကြီး မိုမိုဟာ နားလည်မှုစွမ်းရည်မြင့်မားခြင်း၊ မိုမိုလို့ ခေါ်ရင် ပြန်ထူးတတ်တာ စတာတွေကြောင့် လူအများချစ်ခင်ကြပြီး နာမည်ကျော် လာခဲ့တာပါ။
မိုမိုဟာ ၁၉၆၁ခုနှစ်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၀ကျော်ကြာ ဖျော်ဖြေပေးခဲ့သူပါ။ ၂၀၁၆ခုနှစ်မှာစတင် အနားယူခဲ့တယ်လို့သိရပါတယ်။
ယခုဖော်ပြထားသောပုံများမှာ ယခင်မွေးနေ့ပွဲပုံများဖြစ်ပါသည်။