စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး၌ Al နည်းပညာအသုံးပြုနိုင်ရေးတိုးမြှင့်ဆောင်ရွက်နေသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံ နက်ပိုင်းက ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၌ ကျင်းပသည့် စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးတွင် Al နည်းပညာအသုံးပြုနိုင်ရေး၊ 3D Seismic နည်းပညာအသုံးပြုနိုင်ရေးနှင့် ရေနံချက်လုပ်ခြင်းတို့တွင် ရေနံချက်စက်ရုံအသစ်များတည်ဆောက်၍ အဆင့်မြင့် စက်သုံးဆီများ ကိုယ်တိုင်ချက်လုပ်ထုတ်လုပ်နိုင်ရေး၊ ဓာတ်မြေဩဇာစက်ရုံများထပ်မံ တည်ဆောက်နိုင်ရေးအပါအဝင် နည်းပညာမြှင့်တင်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ပြင် ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းအသစ်များ၊ ရေနံမြေအသစ်များထွက်ပေါ်လာရေးကြိုးပမ်းဆောင် ရွက်နေသကဲ့သို့ သက်တမ်းရင့်ရေနံချက်စက်ရုံ၊ ရေနံဓာတုဗေဒစက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံကြီးများ စွမ်းအားပြည့်ပြန်လည် လည်ပတ်နိုင်ရန်လည်း ဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ကြောင့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိရည်မှန်းချက်ထားဆောင်ရွက်ရန်၊ လက်ရှိ ရေနံမြေများမှ ရေနံအထွက်တိုးစေရေး ခေတ်မီနည်းပညာများအသုံးပြုဆောင်ရွက်ရန် တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နည်းစနစ်ကျ ရေနံတွင်းများတူးဖော်နိုင်ရန် မှာကြားသည်။
” ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်တွေအဆင့်မြှင့်တင်တာကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေတာကြောင့် နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုတိုးတက်လာမယ်လို့ယုံကြည်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်အသုံးပြုနိုင်စေရန် နေစွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေသကဲ့သို့ စက်သုံးဆီများအသုံးပြုမှုလျှော့ချနိုင်စေရန် လျှပ်စစ်ကားများ အစားထိုးအသုံးပြုနိုင်ရေးကို နိုင်ငံတော်အနေဖြင့်တွန်းအားပေးဆောင်ရွက်လျက်ရှိကာ တစ်ဘက်တွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လောင်စာများကို ပတ်ဝန်းကျင်ထိခို-က်မှုအနည်းဆုံးဖြစ်စေရေးအတွက် အဆင့်မြင့်နည်းပညာများအသုံးပြုသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
